လီကွမ်ယု နှင့် Singapore

 


“လီကွမ်ယု နှင့် Singapore”


၁၉၅၉ ခုနှစ်မှာ သူ ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူဟာ ခြင်ပေါတဲ့ နွံတောကြီး အဆင့်ပဲ ရှိပါတယ်။


လူတွေဟာ လယ်တောအိမ်မှာ 

၀က်တွေ၊ ကြက်တွေနဲ့ ဖြစ်သလို 

နေထိုင်နေတုန်းပဲ ရှိပါတယ်။ သဘာ၀သယံဇာတ မရှိတဲ့ တိုင်းပြည်၊ အခြေခံအဆောက်အဦ 

ဘာမှ မတည်ဆောက်ရသေးတဲ့ တိုင်းပြည်၊ 

ပညာရေးစနစ် အားမကောင်းတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ မြို့တမြို့စာ နိုင်ငံလေး ဖြစ်လို့ တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေ လမ်းကြောင်းကို လိုက်လို့ မဖြစ်၊ 

တခြား စက်မှုနိုင်ငံတွေကို အတုယူအောင်ကလည်း သူတို့လို စက်မှုကုန်ကြမ်းလည်း မရှိ၊ 

ပြည်တွင်း ဈေးကွက်ကလည်း သေးငယ်။

စက်မှုလက်မှု ကျွမ်းကျင်မှုလည်းမရှိ။ 

ဘယ်က စကိုင်ရမယ်မှန်း မသိအောင် ခက်ခဲခဲ့ပါတယ်။ 


ဒါပေမယ့် ၀န်ကြီးချုပ် လီက ပြည်သူတွေဟာ တိုင်းပြည်အတွက် အကောင်းဆုံး သယံဇာတတွေ ဆိုတာကို နားလည်ခဲ့တယ်။ အပြောင်းအလဲကို အားသန်နေကြတဲ့ ပြည်သူလူထုကို ယုံကြည်တယ်။ 


၁၉၆၁ ခုနှစ်မှာ စင်ကာပူ အစိုးရရဲ့ ရည်မှန်းချက်က လူတိုင်းအလုပ်အကိုင်ရရှိရေး ဖြစ်ပါတယ်။ 

ပညာလည်း ဟုတ်ဟုတ်ငြားငြား မရှိသေးလို့ အခြေခံကျကျက စက်ရုံအလုပ်ရုံတွေမှာ 

ဈေးပေါတဲ့ အလုပ်သမားတွေ ဖြစ်ဖို့ပါပဲ။

ဒီကြားထဲမှာ မလေးရှားက စွန့်ပစ်လိုက်တဲ့ 

နိုင်ငံသစ်မှာ အင်္ဂလိပ်တွေကလည်း ရေတပ်စခန်းတွေကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကျိုးဆက်က စင်ကာပူ စီးပွားရေးမှာ လေးပုံတပုံလောက် ကျသွားခဲ့ပါတယ်။ 

၁၉၆၅ လောက်ကျတော့မှ စင်ကာပူ စီးပွားရေး နလံထစပြုလာပါတယ်။


 အဲဒီအချိန်လောက်မှာပဲ စင်ကာပူနဲ့ အပြိုင် 

မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း ဈေးပေါတဲ့ လုပ်သားတွေနဲ့ ဆွဲဆောင်လာတယ်။ အဲဒီအချိန်က စင်ကာပူမှာ အမေရိကန်၊ ဂျပန်၊ ဥရောပကတို့က 

စက်ရုံ အလုပ်ရုံတွေ ရှိနေကြပါတယ်။ ဈေးပေါတဲ့လုပ်သားတွေ အိမ်နီးချင်းတွေက အပြိုင်ဆွယ်လာတဲ့ အခါ စင်ကာပူက 

နောက်တဆင့်ကို တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ 


လုပ်အားကဲတဲ့ စက်ရုံ အလုပ်ရုံတွေကနေ အရင်းအနှီးကဲပြီး နည်းပညာအဆင့်မြင့်တဲ့ လုပ်ငန်းတွေ၊ တန်ဖိုးမြှင့် ၀န်ဆောင်မှုတွေ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။


၁၉၈၀ ပြည်လွန်နှစ်တွေ အရောက်မှာတော့ စင်ကာပူဟာ နိုင်ငံတကာ စီးပွားရေးလောကမှာ ဖန်တီးသူ ဖြစ်လာတယ်။

နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ ကျွမ်းကျင်လုပ်သားတွေရှိရာ၊ 

လာဘ်ပေး လာဘ်ယူကင်းရာ အလုပ်လုပ်ရတာ တွင်ကျယ်တဲ့ စင်ကာပူမှာ ဌာနချုပ်တွေ၊ သုတေသန ဌာနတွေကို ပြောင်းရွှေ့လာကြတယ်။ 


ဒါပေမယ့် စင်ကာပူက ဒီအဆင့်လောက်နဲ့ မရပ်ဘဲ နောက်တဆင့်ကို ရည်မှန်းပြန်ပါတယ်၊ 

ပညာအခြေခံတဲ့ စီးပွားရေး (Knowledge Economy) အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါတယ်။ 

ဒီနေ့ စင်ကာပူဟာ ကွန်ပြူတာ Hardware အဓိက တင်ပို့တဲ့ နိုင်ငံ၊ ကမ္ဘာက အားထားရတဲ့ ဇီ၀နည်းပညာရဲ့ ဗဟိုချက်ဖြစ်နေပါပြီ။့


၁၉၆၅ ခုနှစ်လောက်က စင်ကာပူရဲ့ 

တဦးချင်း ဂျီဒီပီဟာ ဒေါ်လာ ၅၀၀ ပဲ ရှိခဲ့ရာက 

ဒီနေ့ ၆၅၀၀၀ ဖြစ်လို့ အဆပေါင်း ၁၀၀ ကျော် တိုးတက်သွားပြီ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှု တခုတည်းကို တဘက်စောင်းနင်းလည်း မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးကို ထည့်သွင်း စဉ်းစားတွက်ချက်တဲ့ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးရေး အညွန်းကိန်းမှာ စင်ကာပူဟာ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါ၀င်ပါတယ်၊ အာရှမှာ ဒီလို ထိပ်ဆုံးက ပါ၀င်တာ စင်ကာပူ တနိုင်ငံပဲ ရှိပါတယ်။ စင်ကာပူု ပညာရေးဟာလည်း တကမ္ဘာလုံးက လေးစားရတဲ့ အဆင့်မှာ ရှိပါတယ်။


စင်ကာပူ ကလေးတွေ သင်နေတဲ့ သင်္ချာသင်ရိုးကို ကယ်လီဖိုးနီးယား၊ တောင်အာဖရိက၊ နယ်သာလန်တို့က ကျောင်းသားတွေလည်း သင်နေကြတယ်။ စင်ကာပူမှာ ရှိတဲ့ နေရှင်နယ် ယူနီဗာစတီဟာ အာရှမှာ ထိပ်ဆုံးတက္ကသိုလ် ဖြစ်ပါတယ်။ စင်ကာပူ အမျိုးသားတက္ကသိုလ် လူထုရေးရာမူဝါဒ လီကွမ်ယုကျောင်းက 

အာရှထိပ်တန်းတွေးခေါ်ပညာရှင် ပါမောက္ခ 

Kishore Mahbubani က စင်ကာပူ အောင်မြင်ရခြင်း အကြောင်း ၇ ချက်ရှိတယ်လို့ ဆိုတယ်။


အဲဒါတွေကတော့ 


(၁) ဈေးကွက်စီးပွားရေး 

(၂) သိပ္ပံနှင့် နည်းပညာ၊ 

(၃) လူတော်လူကောင်းကို နေရာပေးခြင်း

(၄) လက်တွေ့ကျခြင်း 

(၅) ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ 

(၆) တရားဥပဒေ စိုးမိုးမှု 

(၇) ပညာရေးတို့ ဖြစ်ပါတယ်။ 


တကယ်က လီကွမ်ယုဟာ သူ ၀န်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကစလို့ စင်ကာပူမှာ ပညာရေးစနစ်ကို အားသွန်ခွန်စိုက် အားထုတ်ခဲ့ပါတယ်။



တိုင်းပြည် ဆင်းရဲတွင်းကနေ ကင်းလွတ်ဖို့ ဆိုရင် ပြည်သူတွေ ပညာတတ်မှ ဖြစ်မယ်လို့ သူက နားလည်ခဲ့တယ်။


“တိုင်းပြည်ရဲ့ ကံကြမ္မာဆိုတာ တိုင်းသူပြည်သားတွေရဲ့ အရည်အချင်းအပေါ် မူတည်တယ်။ 

လူတွေကို ဘယ်လိုရွေးချယ်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲ၊ ဘယ်လို စုဖွဲ့မလဲ၊ 

ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ အပေါ်မှာ 

မတူတဲ့ ရလဒ်တွေ ပေါ်ထွက်လာတာပါပဲ” လို့ လီကွမ်ယု ပြောခဲ့ဖူးတယ်။ တိုင်းပြည်အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ


ဖွံ့ဖြိုးရေး အခြေခံ အချက်သုံးချက်ဟာ အရေးကြီးတယ်လို့ လီကွမ်ယုက မြင်တယ်။ 


(၁) ကမ္ဘာကြီးနဲ့ အပြန်အလှန်ဆက်သွယ်၊


(၂) ပညာရေးကို မြှင့်တင် 

(အထူးသဖြင့် အင်္ဂလိပ်ဘာသာ)၊ 


(၃) သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်၊


ဒီအချက် သုံးချက်ပါပဲ။ 

လီကွမ်ယုဟာ စင်ကာပူကို အနှစ် ၃၀ အုပ်ချုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ တိုင်းတာရင် အပြစ်ပြောစရာတွေ ရှိပေမယ့် ကင်းဘရစ်တက္ကသိုလ်က ဥပဒေပညာနဲ့ ဘွဲ့ရခဲ့တဲ့ လီကွမ်ယုကို “အကြင်နာရှိပြီး ဉာဏ်ရည်မြင့်တဲ့” အာဏာရှင်အဖြစ် နိုင်ငံရေး သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ 


သူ့ အစိုးရဟာ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးတာ၊ တရားဥပဒေ စိုးမိုးရေးကို လေးစားတာတွေ၊ လာဘ်ပေးလာဘ်ယူ ကင်းတာတွေဟာ တခြား အာဏာရှင် နိုင်ငံတွေနဲ့ မိုးနဲ့ မြေလို ကွာခြားပါတယ်။ 


သမ္မတ နိုင်ငံတော်ကျမ်းမှာ ပလေတိုက“ ဖီလော်ဆိုဖာက တိုင်းပြည်ကို အုပ်ချုပ်၊ သတ္တိ ဗျတ္တိနဲ့ တိုက်ချင်ခိုက်ချင်စိတ် ရှိသူက စစ်တပ်ထဲကိုသွား၊ စည်းစိမ်ဥစ္စာနဲ့ လောဘ ကာမဂုဏ်မှာ ခုံမင်သူကတော့ ကုန်သည် လယ်လုပ် အလုပ်တွေနဲ့ စီးပွားရှာ” သင့်တယ်လို့ လမ်းညွန်ထားပါတယ်။


Credit ညီစောလွင်


#KMChue

#AnAncientImageGroup

Comments

Popular posts from this blog

ကိုဗစ် ကာကွယ်ဆေးဝယ်ဖို့ တပ်မတော် ငွေကျပ်သန်း(၁၀၀၀) လှူဒါန်း

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်