စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်


စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ် ကိုဗစ်အလွန်ကာလတွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှု (၇၀) ရာခိုင်နှုန်း ကျော် ပြီးစီး

‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
မန္တလေး၊ ဇန်နဝါရီ (၁)
ကိုဗစ်အလွန်ကာလတွင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရန်နှင့် ဦးပိန်တံတားနှင့် စစ်ကိုင်းတောင်အလှကို ကြည့်ရှုခံစားနိုင်ရန် မန္တလေး ရတနာပုံတက္ကသိုလ်အနီးရှိ စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်ကို ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိရာ ယခုအခါ (၇၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်ကို (၈) ဧက အကျယ်ရှိသောနေရာတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင် တည်ဆောက်ခဲ့ကာ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ စက္ကူပန်းမျိုးစိတ်နှင့် မြန်မာနိုင်ငံမှ ဒေသမျိုးရင်း တို့ဖြင့် မျိုးစိတ် (၇၀) ကျော်စိုက်ပျိုးထားပြီး အနီရောင်တွင် မျိုးကွဲခြောက်မျိုး၊ ခရမ်းရောင်တွင် မျိုးကွဲ ခြောက်မျိုးနှင့် အဝါရောင်၊ လိမ္မော်ရောင် မျိုးကွဲများဖြင့် စုစုပေါင်း အရောင်ကွဲ (၃၀) ကျော် ပါဝင်ကြောင်း သိရသည်။
ဥယျာဉ်တွင် စက္ကူပန်းရောင်စုံရှုခင်းများ၊ စက္ကူပန်းနံရံ၊ စက္ကူပန်းဝင်္ကပါ၊ နောက်ခံရှုခင်းအလှများ၊ ကလေးကစားကွင်း၊ စားသောက်ဆိုင်၊ တောင်သမန်အင်းအလှနှင့် ဆည်းဆာအလှကို ကြည့်ရှုနိုင်သည့် တောင်ကုန်း ငယ်တစ်ခုဖြင့် ပုံဖော်ထားသည်။ စက္ကူပန်းအလှကို တရုတ်နိုင်ငံတွင် အများဆုံးအသုံးပြုလျက်ရှိကာ အရှေ့တောင်အာရှနိုင်ငံများ၌ (၁၀) စုနှစ် အတွင်း ရှုခင်းအလှများကို စက္ကူပန်းဖြင့်သာ ပုံဖော်တည်ဆောက်မှု များ လာကြောင်း၊ မြန်မာနိုင်ငံတွင် တစ်ခုတည်းသာရှိသော စက္ကူပန်းနန်းတော် ဥယျာဉ်အတွက် ကိုင်းကူးနည်း၊ မျိုးယူနည်း၊ အပင်ပျိုးနည်းနှင့် ထိန်းသိမ်းခြင်း နည်းလမ်းများဖြင့် မျိုးရင်းများစုဆောင်းကာ ပန်းဥယျဉ်ကြီးကို တည်ဆောက် ခဲ့ခြင်းဖြစ်ရာ စက္ကူပန်းပင် တစ်သိန်းကျော်ဖြင့် စိုက်ပျိုးထားခြင်း ဖြစ်သည်။
စက္ကူပန်းနန်းတော်ဥယျာဉ်သည် မန္တလေးမြို့မှ (၅) မိုင်ကျော်ဝေးကာ ရတနာပုံ တက္ကသိုလ်မှ တစ်မိုင်ခန့်နှင့် ဦးပိန်တံတား အရှေ့တောင်ဘက်တွင် တည်ရှိ သောကြောင့် မန္တလေးမြို့၏ သဘာဝအလှများကို ကြည့်ရှုခံစား အပန်းဖြေ နိုင်သောနေရာတစ်ခုအဖြစ် ကိုဗစ်အလွန်ကာလတွင် တွေ့မြင်ရတော့ မည်ဖြစ်သည်။

Comments

Popular posts from this blog

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ