ပန်းဆိုးတန်းက သေနတ်ဆိုင်

 

"ပန်းဆိုးတန်းက သေနတ်ဆိုင်"

===================================

ဖယ်ယာလမ်း(phayre street) လို့ အရင်က ခေါ်တဲ့ ပန်းဆိုးတန်းလမ်းမှာ ထင်ရှားတဲ့ အဆောက်အအုံ တွေ အများကြီးရှိပါတယ်။Sofaer အဆောက်အအုံ တွေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ Irrawaddy Flotilla စတဲ့ အထင်ကရနေရာတွေ။ ကျယ်ကျယ် လွန့်လွန့်ရှိပြီး သာသာယာယာလမ်းလျှောက်နိုင်တဲ့ပန်းဆိုးတန်းလမ်း။ လမ်းလျှောက်ရင်းနဲ့ ကိုယ့်ကိုကိုယ်သမိုင်းထဲမှာ နှစ်မြှုပ် ထားလို့လည်း ရပါတယ်။


ပန်းဆိုးတန်းဆိုတဲ့လမ်းအမည်က သူ့အနီးအနားမှာ နေ တဲ့ သူတွေရဲ့ အလုပ်အကိုင်ကြောင့် အဲဒီ အမည် နာမ အသုံးတွင်လာခဲ့တာပါ။



မြန်မာစကားလုံး အဓိပ္ပါယ်အရ "ပန်းဆိုးတန်း" ဆိုတာ အဝတ်အစားတွေဆေးဆိုးပန်းရိုက်လုပ်တာကို ဆိုလို ပါတယ်။ ဆေးဆိုးပန်းရိုက်လုပ်ငန်း လုပ်ကိုင်သူတွေနေ တဲ့လမ်း၊ ပန်းဆိုးတန်းလမ်းပေါ့။ နောက်ပိုင်းတော့ ဒီလမ်းကို အောက်မြန်မာပြည် ကော်မရှင်နာ မင်းကြီး ဆာအာသာဖယ်ယာကို အစွဲ ပြုပြီး ဖယ်ယာလမ်း လို့ အမည်ပြောင်းခဲ့ပါတယ်။ လမ်းရဲ့ အပေါ်ဘလောက်မှာ ပြဇာတ်ရုံတွေ ရှိလာပေမဲ့လို့ လူတွေကလမ်းကို ပန်းဆိုးတန်း လို့သာပိုပြီး ခေါ်ဆိုခဲ့ကြတယ်။


အဲဒီ ပန်းဆိုးတန်းလမ်းပေါ်မှာ လက်နက်နဲ့ ခဲယမ်း မီးကျောက်တွေ ရောင်းတဲ့ဆိုင် အနည်းဆုံး နှစ်ဆိုင် ရှိခဲ့တယ်ဆိုတာ ယနေ့ခေတ်လူတို့ သိပ်မသိကြ ပါဘူး။


အဲဒီဆိုင်တွေကတော့ အမှတ် ၁၄၆၊ ဖယ်ယာလမ်း က Messrs Burma Arms and Ammunition ဆိုင်နဲ့ အမှတ် ၁၂၈၊ ဖယ်ယာလမ်းက YE. Modan Bros Ltd (ဝိုင်အီး မိုဒန်း ဘရားသား ဆိုင်) တို့ ဖြစ် ပါတယ်။ 


အဲဒီခေတ်အခါက ဗြိတိသျှတွေအတွက် အမဲလိုက်တာ ဟာ အထူးအဆန်း မဟုတ်ပါဘူး။ အမဲလိုက်နိုင်ဖို့ အတွက် လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ရှိဖို့လို ပါတယ်။ 


လက်နက်ဆိုင်တွေက ပစ္စတို၊ခြောက်လုံးပြူး၊ ရိုင်ဖယ်၊ ပြောင်းချောသေနတ်၊လေသေနတ်နဲ့ ကျည်မျိုးစုံ… စသဖြင့် လက်နက်ခဲယမ်းမျိုးစုံကိုရောင်းချပေးပါတယ်။ လက်နက်ရောင်းချတဲ့လုပ်ငန်းဟာ အချိန်တိုအတွင်း ရန်ကုန်နဲ့ မြန်မာနိုင်ငံ တခြားအရပ်ဒေသတွေက ဖောက်သည်ကောင်းတွေ အများအပြားရခဲ့ပါတယ်။ 

၂၀ ရာစု အစောပိုင်းမှာ မော်လမြိုင်နဲ့ရန်ကုန်မြို့တွေ က ပင်လယ်ဆိပ်ကမ်းမြို့တွေဖြစ်လာခဲ့ပြီး အမဲလိုက်သူတွေ နဲ့ တခြားသေနတ်အသုံးပြုသူတွေ ရဲ့ လိုအပ်ချက်ကို ဖြည့်ဖို့ လက်နက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ 


အဲဒီတုန်းက YE. Modan Bros က ရန်ကုန်မှာ လူသိ များတဲ့ လက်နက်အရောင်းဆိုင်ဖြစ်ပါတယ်။အခု အခါ ဒီလေးထပ်အဆောက်အအုံရဲ့ မြေညီထပ်မှာ OS စာအုပ် အဟောင်းဆိုင်နဲ့ GEC သမဝါယမလက်လီအရောင်း ဆိုင်တွေ ဖွင့်လှစ်ထားပါတယ်။


အဆောက်အအုံရဲ့ အဝင်မှာ စကျင်ကျောက်သားနဲ့ လုပ်ထားတဲ့ လှေကားထစ်တွေရှိပြီး စာအုပ်အဟောင်း ဆိုင်ရဲ့ မြေညီထပ်ခန်းမမှာတော့ ကြွေပြားတွေ မူလ လက်ရာမပျက်ဘဲရှိပါသေးတယ်။ အဆောက်အအုံမှာ အသုံးပြုလို့ မရတော့တဲ့ ဓါတ်လှေကား တစ်ခုရှိပြီး ဒီအဆောက်အအုံကြီးရဲ့ တစ်ချိန်က ထည်ဝါမှုပြယုဂ် တစ်ခုအဖြစ် ကျန်ရှိနေ ပါသေးတယ်။


အဲဒီခေတ်မှာတောင် ရန်ကုန်မှာ သေနတ်ဆိုင်ဖွင့်ဖို့ ဆိုတာက စွန့်စားရတဲ့ အလုပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာ အများဆုံးလုပ်ကိုင် ကြတာက ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ရေကြောင်း ပို့ဆောင်ရေးနဲ့ အာမခံလုပ်ငန်းတွေသာ ဖြစ်လို့ပါ။ ဒါပေမဲ့ ကိုလိုနီအရာရှိကြီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ကိုတော့ ဖွင့်ခွင့်ပေးခဲ့ပါတယ်။


ဒီလိုလူတွေအတွက် သေနတ်တစ်လက်ရှိထားခြင်းဟာ မိမိကိုယ်ကိုယ် ကာကွယ်ဖို့၊ ဒါမှမဟုတ် နိုင်ငံ အတွင်း လှည့်လည်ခရီးသွားကြတဲ့အခါ ကျား၊ ကျွဲ၊ သမင် စတဲ့ တိရစ္ဆာန်တွေကို အမဲလိုက်ဖို့အတွက် ဖြစ်ပါတယ်။


အင်္ဂလိပ်လို ထုတ်ဝေတဲ့ သတင်းစာအဟောင်းတွေကို ဖတ်ကြည့်မယ်ဆိုရင် ပန်းဆိုးတန်းလမ်းတလျှောက်က သေနတ်ဆိုင်တွေရဲ့ ကြော်ငြာတွေကို စာဖတ်သူတွေ မြင်တွေ့နိုင်ပါတယ်။


လက်နက်တွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရာက တစ်ဆင့် ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တာကြောင့် မလိုလားအပ်တဲ့ အခြေအနေတွေကို ကာကွယ်နိုင်ဖို့ အတွက် သေနတ်နဲ့ခဲယမ်းမီးကျောက်တွေ ရောင်းချမှု ကို အစိုးရက ဈေးနှုန်းမြှင့်တင်ခြင်းဖြင့် ထိန်းချုပ်ဖို့ဆိုပြီး ဗမာကုန်သည်ကြီးများအသင်းက ပေးပို့တဲ့ အကြံပြုစာ တစ်စောင်ကို ၁၉၁၃ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် သူရိယသတင်းစာမှာ ဖော်ပြခဲ့ ပါတယ်။


YE. Modan Bros လက်နက်တိုက်ကြီးကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် အချိန်ကာလအထိ ဖွင့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဈေးကွက်ကျဆင်းပြီး လက်နက် ပိုင်ဆိုင်မှုအပေါ် ကန့်သတ်ချက်တွေ တိုးမြှင့်လိုက်တာ ကြောင့် ပိတ်လိုက်ရပါတယ်။ 


ဒီခေတ် လူတော်တော်များများကတော့ YE. Modan Bros လက်နက်တိုက်ကြီး ပန်းဆိုးတန်းလမ်းမှာတည်ရှိ ခဲ့တာကို မသိကြတော့ပါဘူး။ 


ရှေးခေတ်လူကြီးတွေကတော့ အမျိုးသားတွေက နောက်ဖေးလမ်းကြားတွေမှာ ငှက်ပစ်ထွက်တဲ့အခါ အထူးသဖြင့် ခိုတွေကို လေသေနတ်ကိုင်ပြီး ပစ်ခွင့်ရခဲ့ တဲ့တစ်ချိန်က ရန်ကုန်မြို့ကြီးကို သတိရကောင်း ရနေ ပါလိမ့်မယ်။ လောက်လေးခွကိုင်ပြီး ငှက်ပစ်ကြတဲ့ လူငယ်တွေကတော့ သူတို့တွေကို အားကျပြီးကြည့်နေ ခဲ့ကြမှာပါ။ 


၁၉၅၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေက လက်နက်နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ ပိုင်ဆိုင်မှုကို တားမြစ် ခဲ့ပြီး နိုင်ငံအတွင်း ကိုယ်ပိုင်သေနတ်ကိုင်ဆောင်ခြင်းကို အဆုံးသတ်စေခဲ့ပါတယ်။ အကျိုးဆက်ကတော့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ သေနတ်ဆိုင်ကို ပိတ်ပစ် လိုက်ရခြင်းပဲ ဖြစ်ပါတယ်။  


#ရေးသားသူ_ဆန်းလင်းထွန်း

(ဆန်းလင်းထွန်းသည် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို နှင့် ဝတ္ထုရှည်များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသား သော အလွတ်တန်းစာရေးဆရာတစ်ယောက် ဖြစ်သည်။)





#ThawZinAung 

==========

Comments

Popular posts from this blog

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ